ဆေးအမျိုးအစားတွေကို အရောင်နဲ့ ခွဲခြားမှတ်ထားလို့ ရနိုင်သလား
တစ်ခုခုကို အလွယ်တကူ ခွဲခြား သိရှိလိုတဲ့ အခါမှာ အရောင်တွေဟာ သိပ်ကို အရေးပါပါတယ်။ အထူးသဖြင့် ဆေးတွေမှာလည်း အရောင်တွေနဲ့ သတ်မှတ်ထားတဲ့အခါ သောက်ရလွယ်ကူစေပြီး အမှားနည်းစေပါတယ်။
၂၀ ရာစုနှစ်လောက်အထိ ဆေးတွေကို အဖြူရောင်နဲ့ ရိုးရှင်းတဲ့ ပုံစံအနေနဲ့သာ ထုတ်လုပ် သုံးစွဲခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဆေးတွေက သောက်သုံးသူတွေအနေနဲ့ မှတ်ရလွယ်၊ ခွဲခြားလွယ်အောင် ၊ ဆေးရဲ့ အနံ့အရသာနဲ့ ကိုက်ညီအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆေးတွေကို အရောင်၊ ပုံစံ ၊ အရွယ်အစား အမျိုးမျိုးနဲ့ ဆန်းသစ် ထုတ်လုပ်လာကြပါပြီ။
ဆေးအမျိုးအစား တူပေမယ့် ပါဝင်တဲ့ mg ပမာဏ ကွဲပြားတဲ့ ဆေးတွေကို အရောင်တွေနဲ့ ခွဲခြားလေ့ ရှိကြပြီး ဒါဟာ ဆေးရောင်းသူ၊ ဆေးပေးသူအပြင် ဆေးကို သောက်သုံးရတဲ့ သူအတွက်ပါ ပိုမို အဆင်ပြေ လွယ်ကူစေပါတယ်။
အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေ၊ အလုပ်နဲ့ မအားလပ်နိုင်တဲ့သူတွေ အနေနဲ့ ဆေးသောက်ဖို့ လိုအပ်လာတဲ့အခါ အရောင်တွေက အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။
ဆေးတွေကို အရောင်တွေနဲ့ အထူးတလှယ် ခွဲခြားထားတာမျိုး မရှိဘူးဆိုပေမယ့် တချို့ဆေးတွေ ဥပမာ warfarin လို သွေးကျဲဆေးမျိုးကို mg အလိုက် အရောင်လေးတွေ ခွဲထားတာ မျိုး ၊ ပန်းနာရင်ကြပ် ရှုဆေး အတွက် အသုံးပြုတဲ့ ကိရိယာလေးတွေကို အရောင်လေးတွေ ခွဲထားတာမျိုးကတော့ ရှိတတ်ပါတယ်။
ပုံမှန်အားဖြင့် reliver လို့ခေါ်တဲ့ ကြပ်တဲ့အခါ ချက်ချင်း ရှုဖို့လိုတဲ့ ရှုဆေးဘူးလေးတွေကို အပြာရောင်နဲ့ သတ်မှတ်လေ့ရှိပြီး ပုံမှန်အမြဲရှုဖို့ လိုတဲ့ preventer ဘူးလေးတွေကိုတော့ အညိုရောင်၊ ပန်းရောင် စသဖြင့် ခွဲခြားထားလေ့ ရှိပါတယ်။
ဆေးတွေကို အရောင်တွေနဲ့ ခွဲခြား သိရှိနိုင်တာဟာ အကျိုးရှိတဲ့ နည်းလမ်းတစ်ခု ဆိုပေမယ့် တခါတရံမှာ အရောင်တူတဲ့ ဆေးတွေကို ရောထွေးပြီး မှားသောက်နိုင်တာကြောင့် ဆေးရဲ့ နာမည်၊ ပါဝင်တဲ့ mg နဲ့ အရောင်ကိုပါ သေချာ စစ်ဆေးပြီးမှ သောက်သင့်ကြောင်း ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)